How to prepare to stop e-commerce and online scams?

 


e-commerce scam တွေကိုဘယ်လို တားဆည်းနိုင်ဖို့ ပြင်ဆင်ထားသင့်လဲ

e-commerce အွန်လိုင်းစျေးဝယ်လောကဆိုတာ စားသုံးသူများအတွက် စိတ်လှုပ်ရှားဖွယ်ရာ အခွင့်အလမ်းများ စွာကို ယူဆောင်လာပေးနေပါတယ်။ သို့သော်လည်း ဒီအချက်ဟာ eCommerce လိမ်လည်မှုများအတွက် နည်းစနစ်ကျကျ ဖန်တီးထားတဲ့ လိမ်လည်လှည့်ဖြားသူများအတွက်လည်း အလားတူအခွင့်အရေးများကို ရရှိနေပြီ ဖြစ်ပါတယ်။

သင်ကိုယ်တိုင်နှင့် eCommerce လိမ်လည်မှုများမှ သင့်ရဲ့ ဖောက်သည်များကို ကာကွယ်ရန် အကောင်းဆုံး နည်းလမ်း ကတော့အချိန်တိုင်း လိမ်လည်လှည့်ဖြားနေသည့် အပြုအမူများကို ခြေတစ်လှမ်းအသာနဲ့ ကြိုတင် ကာကွယ်မှု အစီအမံများကို လုပ်ဆောင်ခြင်းသာဖြစ်ပါတယ်။ ယခုဆောင်းပါးကတော့ သုံးစွဲသူများအတွက်သာ  မဟုတ်ဘဲ eCommerce ဖြင့် လုပ်ငန်းစတင်မည့် စတိုးဆိုင်ပိုင်ရှင်များ နှင့် eCommerce ဆိုဒ်ထူထောင်မည့် သူများကို ရည်ရွယ်ပါတယ်။ သင့်စတိုးက ဖြစ်ဖြစ် သင့်စတိုးမှာတင်ထားတဲ့ eCommerce သုံးပြီး ရောင်းဝယ်ဖောက်ကားသူ ဖြစ်ဖြစ် နစ်နာမှု တစ်စုံ တစ်ရာ မဖြစ်ပေါ်စေရန် အတွက် နိုင်ငံတကာမှာ ကြုံတွေ့ နေရလေ့ရှိတဲ့ e-commerce scam အခြေအနေ အပြု အမူတွေကို ဖော်ပြထားခြင်းဖြစ်ပါတယ်ခင်ဗျာ။

 

eCommerce လိမ်လည်မှုဆိုတာဘာလဲ?

eCommerce လိမ်လည်မှုများဟာ eCommerce ဆိုက် သို့မဟုတ် ပလပ်ဖောင်းတစ်ခုပေါ်တွင် ဖြစ်ပွားသော၊ ပစ်မှတ် သို့မဟုတ် အယောင်ဆောင်သည့် မည်သည့်လိမ်လည်မှုအမျိုးအစားကိုမဆို လွှမ်းခြုံထားပါတယ်။ COVID-19 ကပ်ရောဂါကြောင့် လူအများက အွန်လိုင်းမှ ဈေးဝယ်ခြင်းဆီသို့ သိသိသာသာ ပြောင်းလဲသွားသည်ကို တွေ့ခဲ့ကြရပြီး ဖြစ်မှာပါ။ ဤအပြောင်းအလဲမှာ လူများက အွန်လိုင်းဈေးဝယ်မှု ပိုမိုများပြားလာသည်နှင့်အမျှ eCommerce လိမ်လည်မှုလည်း ယခင်ကထက် 18% ခုန်တက်သွားပြီး ကမ္ဘာတစ်လွှား ဆုံးရှုံးမှုစုစုပေါင်း $20 ဘီလီယံကျော်သွားခဲ့တယ်လို့ မှတ်တမ်းများက ဖော်ပြကြပါတယ်။ လက်ရှိ တရုတ်ပြည် တစ်ပြည်ထဲမှာ Popular Scam တွေ အနေနဲ့

Prize or lottery winning scams 38%,

Online Shopping scams 34.3%,

Online part time jobs scams 26.2%,

Scams involving fake relationship 21.1%,

Phishing websites 24.4%,

Scam involving fake employment 22% နဲ့ အသီးသီး ရှိနေပြီး နည်းလမ်းတွေက စုံပါတယ်။

တရုတ်နိုင်ငံမှာ 2022 ခုနှစ်အတွင်း တယ်လီကွန်းနှင့် အင်တာနက် လိမ်လည်မှုပေါင်း 464,000 ကို နှိမ်နင်းခဲ့ရပြီး 2020 ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ လိမ်လည်မှုပေါင်း 256,000 မှုနှင့် နှိုင်းယှဉ်နိုင်ဖို့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရပါတယ်။ အာဏာပိုင်များ အနေနဲ့ လိမ်လည်သူများထံမှ ယွမ် ၃၁၈ ဘီလီယံ (ဒေါ်လာ ၄၄ ဘီလီယံ) ရှိသော သံသယဖြစ်ဖွယ် ငွေလွှဲမှုများကို ပိတ်ဆို့ ရပ်တန့်ခဲ့ရကြောင်း အာဏာပိုင်များက ပြောပါတယ်။

eCommerce ရဲ့သုံးစွဲပုံစနစ်သည် သုံးစွဲသူများ၏ အကြွေးဝယ်ကတ်အသေးစိတ်အချက်အလက်များကို လက်ထဲသို့ရယူရန်၊ ဆွဲဆောင်မှုရှိသော eCommerce လိမ်လည်မှုများကို ဖန်တီးရန်နှင့် ၎င်းတို့ရဲ့ မည်သူမည်ဝါ အထောက်အထားကို ဖုံးကွယ်ထားစဉ်မှာဘဲ ဆိုက်ဘာရာဇ၀တ်ကောင်များကို လွယ်ကူစွာယုံကြည်စေရန် အတွက် eCommerce ဂေဟစနစ်ကိုယ်တိုင် ကိုက လုပ်ကိုင်ရပိုမိုလွယ်ကူစေပါတယ်။ အင်တာနက် မထွန်းကားချိန်ကာလနှင့် နှိုင်းယှဉ်မယ်ဆိုပါက eCommerce လိမ်လည်မှုများ၏ လွယ်ကူမှုနှင့် အမည်မျိုးစုံသုံးစွဲရလွယ်ခြင်းက လိမ်လည်သူများအတွက် ဆွဲဆောင်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။ ဥပမာ ကျွန်တော်တို့ အနေနဲ့ Grab or food panda လို အရာတွေသုံးစွဲရန်အတွက်ဘဏ် ကတ်ရဲ့အချက်အလက်တွေကို ထဲ့သွင်းရတာမျိုးအလားတူပါတယ်။

သုံးစွဲသူများရဲ့ ၆၆ ရာခိုင်းနှုန်းဟာ ၎င်းတို့အကောင့်ကို အခိုးခံရသည့်အွန်လိုင်းစတိုးမှ ထပ်မံမ၀ယ်တော့ပါဘူး။ ဒါ့ကြောင့်၊ သင့်စတိုးကို eCommerce လိမ်လည်မှုဖြင့် ပစ်မှတ်ထားခံရပါက၊ သင်သည် ဖောက်သည်များနှင့် ငွေကြေးဆုံးရှုံး နိုင်ခြေရှိပါနေပါတယ်။

eCommerce လိမ်လည်မှုရဲ့ ရေရှည်အကျိုးသက်ရောက်မှုက ပြန်လည်ကောင်းမွန်ရန် ခက်ခဲနိုင်ပြီး စားသုံးသူယုံကြည်မှုကို ပြန်လည်တည်ဆောက်ခြင်းဆိုတာလည်း လျင်မြန်သောလုပ်ငန်းစဉ်မဟုတ်ပါဘူး။ ထို့အတူ ဆုံးရှုံးသွားသော ဝင်ငွေလည်း ပြန်လည်ရရှိနိုင်ဖို့ ခက်ခဲမှာလည်းဖြစ်ပါတယ်။

 

ဒါကြောင့် သတိထားပြီး သင့်စတိုးနှင့် ဖောက်သည်များအပေါ် သက်ရောက်မှုရှိနိုင်နေတဲ့ သာမာန် eCommerce လိမ်လည်မှု နည်းလမ်းများနှင့် ရင်းနှီးစေရန်အတွက် အမြဲတစေ လေ့လာနေဖို့လိုအပ်မှာဖြစ်ပါတယ်။

အဖြစ်များနေတဲ့ eCommerce လိမ်လည်မှု ၁၀ ကို သတိပြုရှောင်ရှားစေရန်အတွက် အောက်ပါအချက်များကို ဂရုပြုဖို့ တိုက်တွန်းလိုပါတယ်။

အမှတ်တံဆိပ်အယောင်ဆောင်ခြင်းမှသည် ကံစမ်းမဲလိမ်လည်လှည့်ဖြားမှု၊ ပြန်အမ်းငွေလိမ်လည်မှုနှင့် သွေးဆောင်ဖြား ယောင်းခြင်းအထိ၊ eCommerce လိမ်လည်မှုများက နေရာတိုင်းတွင်ရှိပါတယ်။ ဒီမှာ အချို့သော eCommerce လိမ်လည်လှည့်ဖြားမှုများကတော့ ၎င်းတို့ကို မည်သို့ရှာဖွေရမည်နှင့် သင့်စတိုးနှင့် ဖောက်သည်များအား မသမာသောလုပ်ဆောင်ချက်များမှ ကာကွယ်ရန် အတွက် ယနေ့ မှစပြီး သင်လုပ်ဆောင် နိုင်သော ရိုးရှင်းတဲ့ အရာများကို ဆက်လက်ပြီးလေ့လာကြည့်ရအောင်ပါ။

 

(၁) အမှတ်တံဆိပ်အယောင်ဆောင်ခြင်း။

ကုန်အမှတ်တံဆိပ်အယောင်ဆောင်ခြင်းဆိုသည်မှာ သုံးစွဲသူများအား ၎င်းတို့၏ဘဏ်အကောင့်အသေးစိတ်များ အပါအဝင် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ထုတ်ဖော်ရန် တစ်စုံတစ်ဦးမှ ယုံကြည်ရသောအမှတ်တံဆိပ် သို့မဟုတ် ကုမ္ပဏီတစ်ခုအဖြစ် ဟန်ဆောင်သည့်အခြေအနေများကိုဆိုလိုပါတယ်။ ဥပမာ မြန်မာပြည်မှာတော့ Kpay အမှတ်တံဆိပ်ကို အသုံးပြုပြီး တစ်ခါသုံး OTP နံပတ်တောင်းခံခြင်း၊ မှတ်ပုံတင်နံပတ်တောင်းခံခြင်းများဖြင့် ငွေကြေး လိမ်လည်မှုများ အများအပြားဖြစ်ခဲ့သည်ကို နမူနာ ထားနိုင်ပါတယ်။

ဤအယောင်ဆောင်မှုဟာ ပုံစံအမျိုးမျိုးဖြင့် လာနိုင်ပါတယ်။ ဆိုက်ဘာရာဇ၀တ်ကောင်များသည် ကုမ္ပဏီအီးမေးလ်လိပ်စာကို ကိုယ်စားအယောင်ဆောင်ရန် အတွက် မသမာသောနည်းဖြင့် လျှို့ဝှက်ကာ အပိုင်စီးခြင်းကို အသုံးပြုနိုင်ပြီး တရားဝင်ပုံပေါက်သည့် အီးမေးလ်များကို ပေးပို့နိုင်ပါတယ်။ တနည်းအားဖြင့် သုံးစွဲသူများထံမှ အရေးကြီးတဲ့ မှတ်ပုံတင်နံပတ်လို ကိုယ်ရေးကိုယ်တာအချက်အလက်များကို စုဆောင်း ရန်အတွက် အမှတ်တံဆိပ်၏ ဖောက်သည်ဝန်ဆောင်မှု တာဝန်ရှိသူ အဖြစ် ဟန်ဆောင်သည့် ဝန်ဆောင်မှု အယောင်ဆောင်ခြင်း နည်းလမ်းမျိုးကို အသုံးပြုကြပါတယ်။ သို့မဟုတ် ဆင်တူရိုးမှားသော ဖုံး၊ အီးမေးလ်လိပ်စာ၊ ဝဘ်ဆိုဒ်လိပ်စာများ အသုံးပြု ၍သော်လည်းကောင်း ဖြစ်နိုင်ပါတယ်။

အမှတ်တံဆိပ်အယောင်ဆောင်ခြင်းသည် အွန်လိုင်း၊ ဖုန်း၊ အီးမေးလ်ဖြင့် သို့မဟုတ် စာတိုက်မေးလ်ဖြင့်ပင် ဖြစ်ပွားနိုင်ပါတယ်။ ထို့ကြောင့် အမှတ်တံဆိပ်အယောင်ဆောင်တိုက်ခိုက်မှုတစ်ခု ပျံ့နှံ့နေတာကို သတိပြုမိပါက ချက်ချင်းအရေးယူပါ။ spam များကို လူသိရှင်ကြား ကိုင်တွယ်ဖြေရှင်းပြီး အမှတ်တံဆိပ်အယောင်ဆောင်ခြင်းကို မည်ကဲ့သို့ သတိပြုရမည်ကို သုံးစွဲသူများအား အသိပေးပါ။ ဒါ့အပြင် လိမ်လည်မှုလို့ သံသယရှိရင် ဘာလုပ်ရမလဲ ဆိုတဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းများကို ကြိုတင်လေ့လာထားသင့်ပါတယ်။ ထို့အပြင် စားသုံးသူရေးရာ၊ ဆိုက်ဘာမှုခင်း ဆိုင်ရာ ဌာနများ၊ ရဲစခန်းနှင့် တခြားသော လိုအပ်သည့် ဥပဒေအကာအကွယ်နှင့် တုန့်ပြန်မှုများ အတွက်  ပြင်ဆင်ထားပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်။

(၂) Google Ads ကလစ်လိမ်လည်မှု

Google Ads ကလစ်လိမ်လည်မှုဟာ သင့်အောက်ခြေလိုင်းကို သိသိသာသာထိခိုက်စေနိုင်သော eCommerce လိမ်လည်မှုတစ်ခုဖြစ်တယ်။

သင့်ရဲ့ကြော်ငြာဘတ်ဂျက်ကို ကုန်သွားစေမည့် ကြော်ငြာခများထုတ်ပေးရန်အတွက် တစ်စုံတစ်ဦးမှ သင့် pay-per-click (PPC) ကြော်ငြာများကို လိမ်လည်နှိပ်သည့်အခါ ကလစ်လိမ်လည်မှု ဖြစ်ပေါ်စေပါတယ်။

Google Ads ကလစ်လိမ်လည်မှုကို မိမိ၏ လုပ်ငန်း ပြိုင်ဘက်များ၊ ကလစ်ဘော့တ်များ၊ ဝဘ်ရှာဖွေသူများ၊ သို့မဟုတ် ကလစ် farm များမှ ကျူးလွန်နိုင်တာကြောင့် ပြိုင်ဘက်တွေကိုလည်း သတိပြုရပါမယ်။ ပြိုင်ဘက်များက သင့်ဘတ်ဂျက်ကို ဖြုန်းတီးရန်အတွက် နံပါတ်တစ် ကြော်ငြာနေရာကို တောင်းဆိုနိုင်စေရန် သင်၏ Google ကြော်ငြာကို ထပ်ခါတလဲလဲ နှိပ်နိုင်ပါတယ်။ ဒီအတောအတွင်း၊ click bots များ၊ crawler များနှင့် click farms များကြောင့် သင့်ဘတ်ဂျက်ကို ကုန်ဆုံးစေပြီး သဘာဝအတိုင်း မဟုတ်သည့် ဖောက်သည် ထိတွေ့ဆက်ဆံမှုကို တိုးမြင့်လာစေရန်အတွက် သင့်ကြော်ငြာကို အကြိမ်ပေါင်း ထောင်ပေါင်းများစွာ ကလစ်ရန် ဒီဇိုင်းထုတ်ထားတာမျိုးဖြစ်ပါတယ်။

ကြော်ငြာရှင်များဟာ 2023 ခုနှစ်မှာ ကြော်ငြာလိမ်လည်မှုများကြောင့် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် $100 ဘီလီယံကျော် ဆုံးရှုံးမည်ဟု ခန့်မှန်းထားကြပါတယ်။ အကယ်၍ သင်သည် search engine ရလဒ်များထက် သင့်အခပေး Google Ads လင့်ခ်ကို နှိပ်ဖူးပါက သင်ကိုယ်တိုင်ပင် ကလစ်လိမ်လည်မှု ကျူးလွန်နိုင်လောက်အောင် ရိုးရှင်းနေလွန်းပါတယ်။

တစ်ခုကောင်းလာတာကတော့ Google Ads မှာ ကလစ်လိမ်လည်မှုဖြစ်ပွားမှုများကို လျှော့ချရန် အတွက် ပရိုဂရမ်တစ်ခုရှိပါတယ်။ အဲဒီပရိုဂရမ်က ကြော်ငြာရှင်များကို ငွေကောက်ခံခြင်းမပြုမီ မမှန်ကန်သော ကလစ်များကို ရှာဖွေပြီး စစ်ထုတ်ရန် အတွက် machine learning အသုံးပြုလာပြီး သံသယဖြစ်ဖွယ် လုပ်ဆောင်ချက်ကို ပြန်လည်သုံးသပ်ရန် နှင့် Google Ads သို့ ပြန်လည် report ပေးရန်အတွက် လုပ်ဆောင်ထား ပါတယ်။

ကလစ်လိမ်လည်မှုကို နောက်ထပ်ကာကွယ်ရန်အတွက် သံသယဖြစ်ဖွယ် IP လိပ်စာများအတွက် IP ပိတ်ထားခြင်း ဆက်တင်များ ထည့်သွင်းသတ်မှတ်ရန်၊ ပြိုင်ဘက်လုပ်ဆောင်ချက်ကို သတိထားရန်နှင့် တရားမဝင်သောကလစ် ပမာဏများစွာရှိသော မည်သည့်နေရာကိုမဆို ဖယ်ရှားရန် ကြော်ငြာပစ်မှတ်ထားမှုကို ချိန်ညှိခြင်းတို့ကို လုပ်ဆောင်ဖို့ အကြံပြုလိုပါတယ်။

(၃) Card Cracking (AKA ကတ်စမ်းသပ်ခြင်း သို့မဟုတ် CNP လိမ်လည်မှု)

ကတ်ကိုစမ်းသပ်ခြင်း သို့မဟုတ် CNP လိမ်လည်မှုလို့လည်းလူသိများတဲ့၊ Card Cracking လုပ် ခြင်းဆိုတာက ကတ်မရှိသော်လည်း လိမ်လည်သူသည် လူတစ်ဦး၏ အကြွေးဝယ် ခရက်ဒစ်ကတ်အချက်အလက်ကို အသုံးပြုတာ (ဒါကြောင့် အတိုကောက် CNP Card non present) သည် အကြွေးဝယ်ကတ်လိမ်လည်မှုတစ်ခုဖြစ်တယ်လို့ပြောနိုင်ပါတယ်။

Card Cracking ဖြစ်ခြင်းမှာ သင့်လုပ်ငန်းအတွက် ထိခိုက်မှုရှိနိုင်ပါတယ်။ CNP လိမ်လည်မှုအတွက် ဖောက်သည်တစ်ဦးမှ ၎င်းတို့၏ကတ်ကို သင့်ဆိုက်မှာ အသုံးပြုထားသည်ကို တွေ့ရှိပါက၊ ၎င်းတို့ကို ပြန်လည်ပေးဆပ်ရန် သင့်တာဝန်ဖြစ်လာပါမယ်။ ဆိုလိုတာက လိမ်လည်သော အရောင်းအ၀ယ်ပြုလုပ်စဉ်အတွင်း တင်ပို့လိုက်သော မည်သည့်ထုတ်ကုန်နှင့်မဆို ဆုံးရှုံးသွားခြင်းအပြင် ဖောက်သည်အစစ်ထံ ပြန်အိမ်းငွေ ပေးဆောင်ရမည်ဟု နားလည်ရမှာဖြစ်ပါတယ်။ ဒါကြောင့် သတိထားရပါတယ်။ ဒီလိုဖြစ်စဉ်တွေ အများအပြားရှိနေပါတယ်။

ကိုယ့်ရဲ့ eCommerce စတိုးမှာ ၎င်းတို့ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကာကွယ်ရန် တင်းကြပ်သော လုံခြုံရေးအစီအမံများ မထားရှိပါက သင့်ဖောက်သည်များ အတွက် ကတ်လိမ်လည်အသုံးပြုခံရခြင်း အန္တရာယ်ကို တိုးမြင့်စေပါသည်။ သင်၏ဖောက်သည်များအား CNP လိမ်လည်မှုမှကာကွယ်ရန်၊ သင်၏ငွေပေးချေမှုဂိတ်ဝေး (Payment gateway) ဝန်ဆောင်မှုပေးသူက ၎င်းတို့၏ငွေပေးချေမှုကိုခွင့်ပြုရန် ၎င်းတို့ရဲ့ငွေပေးချေမှုလိပ်စာနှင့် CVV အတည်ပြုချက် တောင်းခံရန်လိုအပ်ကြောင်း သေချာဖို့ လိုမှာဖြစ်ပါတယ်။ ဆိုလိုတာက ခိုင်မာပြီး အားကောင်း တဲ့ အစီအမံတွေ ရှိတဲ့ Payment gateway တွေနဲ့သာချိတ်ဆက်လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်တွေက Sony လို သူတွေတောင် PlayStation မှာ အတော်ခံလိုက်ရပါတယ်။

(၄) ဖြားယောင်းသော လှည့်စားမှုများ သို့ Phishing scams

ဆိုက်ဘာရာဇ၀တ်ကောင်များက သုံးစွဲသူများအား ထိလွယ်ရှလွယ်သတင်းအချက်အလက်များပေး ကာဆွဲဆောင်ရန် သို့မဟုတ် မက်လုံးပေးပြီး လှည့်ဖြားရန် အီးမေးလ်များ၊ ဖုန်းခေါ်ဆိုမှုများ သို့မဟုတ် စာသားမက်ဆေ့ချ်များ တခြားသော ဆိုရှယ်မီဒီယာများကို အသုံးပြုသည့်အခါ Phishing scams ဖြားယောင်းခြင်းဖြစ်လာပါသည်။ ဥပမာ ဟိုမင်းသမီးရဲ့ HD link လေး ချပေးလိုက်ပြီနော် ဆိုတာမျိုးပါ။

 

Phishing scams ဖြားယောင်းမှု အယောင်ဆောင်မှုများဖြင့် ပစ်မှတ်ထားခံရသော ဝယ်ယူသူများသည် ၎င်းတို့၏ ပတ်စဝေါ့စကားဝှက်များ၊ လူမှုရေးဆိုင်ရာ အချက်အလက်များ၊ ဘဏ်အကောင့်အသေးစိတ်များ၊ ငွေပေးချေရမည့်လိပ်စာ သို့မဟုတ် မှတ်ပုံတင်နံပါတ်များကို မသိလိုက်ဘဲ ပေးလိုက်ရတာမျိုးပါ။ လိမ်လည်လှည့်ဖြားသူများ အသုံးပြုသည့် နည်းဗျူဟာများကတော့ ၎င်းတို့နှင့် ကျူးလွန်သည့် လုပ်ဆောင်ချက်အတိုင်း ထိုအချက်အလက်များကို ရရှိမှု ရယူမှု မတူဘဲ ကွဲပြားနိုင်ပါတယ်။

Phishing scams လိမ်လည်မှုများသည် အခါအားလျော်စွာ ပြောင်းလဲနိုင်သော်လည်း ဖြားယောင်း အယောင်ဆောင်မှုများကို သတိထားမိစေဖို့ အသုံးပြုလေ့ရှိသည့် လက္ခဏာအချို့ရှိပါသည်။

Phishing scams လိမ်လည်မှုများသည် ၎င်းတို့သည် လူသိများသော သို့မဟုတ် ယုံကြည်စိတ်ချရသော ကုမ္ပဏီတစ်ခုမှ ဖြစ်သည်ဟု ယုံကြည်စေရန် ပြုလုပ်လေ့ရှိပါသည်။ ဥပမာအားဖြင့် ၎င်းသည် ဘဏ်၊ အသေးစားငွေရေးကြေးရေး လုပ်ငန်း၊ နာမည်ကျော်ကြားသူ၊ ထင်ရှားသည့် အမှတ်တံဆပ် သို့မဟုတ် eCommerce အွန်လိုင်းစတိုး စသဖြင့် ဖြစ်နိုင်ပါသည်။ ယခုဆိုလျှင် အလုပ်အကိုင်၊ အနုပညာရှင်တို့၏ အတင်းအဖျင်း သတင်း၊ ကံစမ်း တို့ကဲ့သို့ လူအများစိတ်ဝင်စားစေနိုင်သည့် နည်းလမ်းများဖြင့် ဖြားယောင်းပြီး အဆိုပါ လိမ်လည်မှုများကိုအစစ်အမှန်ဟု ထင်မြင်နိုင်သည်အထိ မိုဘိုင်း အက်ပလီကေးရှင်းများဖြင့်ပါ ဆွဲဆောင် လာကြတာကိုတွေ့ရမှာဖြစ်ပါသည်။ တချို့ နိုင်ငံတကာ အသုံးပြုသည့် နည်းဗျူဟာများ ကတော့

သင့်အကောင့်တွင် မသင်္ကာဖွယ်လုပ်ဆောင်ချက်ကို သတိပြုမိသည်ဟု ပြောဆိုခြင်း၊

ငွေပေးချေရာတွင် မင်္ကာဖွယ်ရာ ငွေများရှိနေသဖြင့် စစ်ဆေးရန်လိုအပ်သည်ဟု အကြောင်းကြားခြင်း

သင့်အကောင့် သို့မဟုတ် ငွေပေးချေမှုအချက်အလက်တွင် ပြဿနာရှိနေကြောင်း ဖော်ပြခြင်း

ကိုယ်ရေးကိုယ်တာအချက်အလက်ကို အတည်ပြုရန် တောင်းဆိုခြင်း

ငွေပေးချေမှုပြုလုပ်ရန် သို့မဟုတ် ကိုယ်ရေးကိုယ်တာအချက်အလက်များ ပေးဆောင်ရန် လင့်ခ်တစ်ခုကို နှိပ်ရန် သင့်အား တိုက်တွန်းခြင်း

ကူပွန် သို့မဟုတ် ကံစမ်းမဲ ဖြင့် ကမ်းလှမ်းခြင်း၊ ထီပေါက်သည်ဟု ဆက်သွယ်လာခြင်း

စသည့် နည်းလမ်းမျိုးအား အသုံးပြုလေ့ရှိပါသည်။

လက်ရှိအသုံးပြုနေသော Phishing scams ဖြားယောင်းခြင်းလုပ်ဆောင်ချက်ကို သိရှိ စေပြီး ရှာဖွေရမည့်လက္ခဏာများကို အသိပေးခြင်းဖြင့် သင့်ဖောက်သည်များအား ဖြားယောင်းယောင်ဆောင်မှုများမှ ကာကွယ်ပါ။

၅။ ပြန်အမ်းငွေလိမ်လည်မှု သို့မဟုတ် chargeback fraud

ငွေပြန်အမ်းခြင်း လိမ်လည်မှု     ဆိုတာကတော့ ဖောက်သည်များမှကျူးလွန်သော eCommerce လိမ်လည်မှုတစ်ခုဖြစ်ပါတယ်။ ပြန်အမ်းငွေလိမ်လည်ခြင်းကို ကျူးလွန်တဲ့အခါ သုံးစွဲသူများက ၎င်းတို့ရဲ့ အကြွေးဝယ်ကတ်ဖြင့် ဝယ်ယူမှာဖြစ်ပြီး သူတို့မှာယူမှုကို လက်ခံရရှိပြီးနောက်မှာ ၎င်းတို့၏ဘဏ်မှ ငွေပြန်အမ်းရန် တောင်း ဆိုမှာဖြစ်ပါတယ်။

၎င်းတို့၏ သက်ဆိုင်ရာဘဏ်ကို ဆက်သွယ်ခြင်းဖြင့်၊ စားသုံးသူများသည် ကုန်သည်ကို ကျော်ဖြတ်နိုင်ပြီး ဝယ်ယူမှုကုန်ကျစရိတ်အတွက် ၎င်းတို့ကို ပြန်လည်ပေးချေရန် ၎င်းတို့၏ဘဏ် ဘက်မှ ရယူနိုင်ပါတယ်။ ဒီမှာတော့ အခုလို ပုံစံမျိုး တွေ့ရလေ့မရှိပေမယ့် သတိထားဖို့ သိထားသင့်ပါတယ်။

ဝယ်ယူသူများကိုယ်တိုင် ငွေပြန်အမ်းရန် ရည်ရွယ်ချက်ရှိရှိ တောင်းဆိုနိုင်ကြပါတယ်။ ပြန်အမ်းငွေ အငြင်းပွားမှုများမှာ အောက်ပါအကြောင်းရင်းများ ပါဝင်နိုင်ပါတယ်။

ဝယ်ယူသူသည် ၎င်းတို့၏ဝယ်ယူမှုအပေါ် မကျေနပ်ခြင်း

ဖောက်သည်သည် ၎င်းတို့၏ဘဏ်ရှင်းတမ်းတွင် ကျသင့်ငွေကို အသိအမှတ်မပြုခြင်း

ဖောက်သည်က ပြန်အမ်းငွေကို တောင်းခံထားသော်လည်း တစ်ခုမှ မရရှိကြောင်းပြောကြားခြင်း

ဝယ်ယူသူတစ်ဦးသည် ဝယ်ယူမှုတစ်ခုအတွက် တစ်ကြိမ်ထက်ပို၍ ကောက်ခံခဲ့သည်ဟုဆိုခြင်း

ဝယ်ယူသူသည် ငွေပြန်အမ်းရန်နှင့် ဖောက်သည်ဆက်ဆံရေး ဆက်လက်ထိန်းသိမ်းထားနိုင်စေရန် ရည်ရွယ်ချက်ရှိရှိ ငွေပြန်အမ်းပေးရန် ဘဏ်များကိုတောင်းဆိုတတ်ပါတယ်။

အဆိုပါ လိမ်လည်မှုက သင့်အမှတ်တံဆိပ်ကို ထိခိုက်နိုင်ပြီး ထုတ်ကုန်ဆုံးရှုံးခြင်းမှ ပြန်လည်ကောက်ခံသည့် အခကြေးငွေများ၊ ဝင်ငွေနှင့် လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်များအထိ၊ ပြန်လည်တောင်းခံမှုများနှင့် ဆက်စပ်သော ကုန်ကျစရိတ်များစွာရှိတတ်ပါသည်။ မြန်မာပြည်မှာ ဘဏ်များမှတဆင့် အဖြစ်မများသော်လည်း လူမှုကွန်ယက်မှတဆင့် ရောင်းချနေသူများတွင် အဆိုပါ ပြသနာသည် မကြာခဏဖြစ်ပွားလေ့ရှိနေကာ customer is always right အပေါ်အခြေခံတဲ့ လုပ်ငန်းရှင်အား ပြဿနာပြုတတ်သော ဖောက်သည်များကို သတိပြု ကိုင်တွယ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

 

၆။ အကောင့်ခိုးယူကာ လိမ်လည်ခြင်း Account takeover (ATO)

ဆိုက်ဘာရာဇ၀တ်ကောင်များက ၎င်းရရှိထားတဲ့ eCommerce အကောင့်များကို ဝင်ရောက်ကြည့်ရှုပြီး ခွင့်ပြုချက်မရှိဘဲ အရောင်းအ၀ယ်ပြုလုပ်ခြင်းဖြင့် ဆိုက်ဘာရာဇ၀တ်မှုကျူးလွန်မှုများပြုလုပ်ခြင်းကို အကောင့်ရယူ ခြင်းလိမ်လည်မှု (ATO) ဖြစ်ပွားတယ်လို့ခေါ်ပါတယ်။

လိမ်လည်လှည့်ဖြားသူများသည် အကောင့်လွှဲပြောင်းမှုလိမ်လည်မှုကို ကျူးလွန်ရန်အတွက် ဖောက်သည်များရဲ့ အကောင့်ဝင်ခြင်းဆိုင်ရာအထောက်အထားများ ရရှိစေဖို့ နည်းအမျိုးမျိုးနှင့် ဖြားယောင်းခြင်း သို့မဟုတ် အခြားမသမာသောလုပ်ဆောင်ချက် အမျိုးအစားကို အသုံးပြုနိုင်ပါတယ်၊ သူတို့ထံဝင်ရောက် လာသည့် အချက်အလက်များ ရပြီးသည်နှင့်၊ လိမ်လည်သူများသည် လိမ်လည်ဝယ်ယူမှုများပြုလုပ်ရန် သုံးစွဲသူ၏ အကောင့်ကို အသုံးပြုနိုင်ကြပြီး အကောင့်အချက်အလက် သို့မဟုတ် စကားဝှက်ကို ပြောင်းလဲခြင်းဖြင့် ၎င်းတို့ လှုပ်ရှားရာလမ်းကြောင်းများကို ဖုံးကွယ်ရန် ကြိုးစားနိုင်ဖွယ်ရှိပါတယ်။

ATO ဖြစ်နေသည်ကို ကိုတွေ့ပါက၊ ငွေပေးငွေယူကိုခေတ္တရပ်ပြီး ယခင်ငွေပေးငွေယူများနှင့် မှာယူမှု အချက်အလက်ကို နှိုင်းယှဉ်ခြင်းဖြင့် အခြေအနေကိုစုံစမ်းပါ။ မိမိ ဝယ်ယူမှု စာရင်းနှင့် အကောင့်လုပ်ဆောင်ချက်ကို စောင့်ကြည့်ခြင်းက အကောင့်ခိုးယူမှု လိမ်လည်ခြင်းကို ညွှန်ပြနိုင်ပြီး မသင်္ကာဖွယ်ရာ မည်သည့်အပြုအမူကိုမဆို ခွဲခြားသတ်မှတ်ရန် ကူညီပေးနိုင်ပါလိမ့်မယ်။

၇။ ငွေပြန်အမ်းရန်လှည့်စားခြင်း

ပြန်အမ်းငွေလိမ်လည်မှုများသည် အမှတ်စဉ် ၅ မှာကဲ့သို့ ၎င်းတို့၏ဘဏ်သို့သွားမည့်အစား ဈေးရောင်းသူ ကုန်သည်ထံမှ တိုက်ရိုက်ပြန်အမ်းငွေတောင်းခံမှုမှလွဲပြီး ငွေပြန်အမ်းငွေလိမ်လည်မှုနှင့် ဆင်တူပါသည်။

ပြန်အမ်းငွေ လိမ်လည်မှုများ ကျူးလွန်သည့် ဝယ်ယူသူများသည် ပစ္စည်းကို လက်ခံရရှိခြင်းမရှိကြောင်း တိုင်ကြားခြင်းဖြင့် ပြန်အမ်းငွေကို လိမ်လည်တောင်းဆိုပါတတ်ပါသည်။ ထို့အတူ ငွေကြိုလွှဲသော်လည်း ပစ္စည်းမရောက်ခြင်း၊ အရည်အသွေး၊ ကုန်ပစ္စည်းမှားယွင်းခြင်း စသဖြင့် စားသုံးသူများသည် အငြင်းပွားဖွယ်နှင့် လူမှုကွန်ယက်တွင် မှတ်ချက်ပြုခြင်း တို့ဖြင့် လိမ်လည်လှည့်ဖြားမှုများမှ လွတ်မြောက်နိုင်သည်ဟု ယုံကြည်သောကြောင့် ငွေပြန်အမ်းရန် ကြိုးပမ်းမည်ဖြစ်သည်။ ထိုပြဿနာသည် မြန်မာပြည်ကဲ့သို့ e-commerce လုပ်ငန်းပြည့်ပြည့်ဝဝ ဝန်ဆောင်မှု မပေး နိုင်သော နေရာများတွင်ပိုမို အဖြစ်များကြပြီး မရိုးသားသော ဖောက်သည်များသည် နာမည်ကြီး အမှတ် တံဆပ်များတင်မက တစ်ပိုင်တစ်နိုင် လုပ်ငန်းများအား ရည်ရွယ်ချက်ရှိရှိ လိမ်လည်လေ့ရှိပါသည်။

 

တခုကောင်းသည်မှာ သင်သည် ယုံကြည်စိတ်ချရသော ပို့ဆောင်ရေးဝန်ဆောင်မှုပေးသူတစ်ဦးကို အသုံးပြုပါက၊ ဖောက်သည်သည် ၎င်းတို့၏အမှာစာကို လက်ခံရရှိကြောင်း အထောက်အထားများပေးခြင်းဖြင့် လိမ်လည်လှည့်ဖြားမှုများကို ပြန်လည်ချေဖျက်နိုင်မည်ဖြစ်သည်။ ကုန်ပစ္စည်း လက်ခံရရှိကြောင်း လက်မှတ်တောင်းဆိုမှုများမှ ၎င်းတို့၏ပါဆယ်ထုပ်ကို လက်ခံရရှိသည့်ဖောက်သည်၏ ဓာတ်ပုံရိုက်ခြင်းအထိ၊ သင်သည် ပြန်အမ်းငွေလိမ်လည်မှုအန္တရာယ်ကို အနည်းဆုံးဖြစ်စေသော ပေးပို့မှုအထောက်အထားကို စုဆောင်းနိုင်ပါသည်။

၈။ email ကြားဖြတ်လိမ်လည်မှု

ဆိုက်ဘာရာဇ၀တ်ကောင်များသည် အခြားဝယ်ယူသူ၏အကောင့်ကို အသုံးပြု၍ အမှာစာထုတ်ပြီးနောက် ပါဆယ်ထုပ်ကို မှာယူပြီး ပါဆယ်ထုပ်ကို ကြားဖြတ်ရယူရန် ကြိုးစားသောအခါတွင် မေးလ်ကြားဖြတ်လိမ်လည်မှု ဖြစ်ပေါ်လာပါသည်။

၎င်းတို့သည် ဖောက်သည်၏ မူရင်းငွေတောင်းခံလွှာနှင့် ပို့ဆောင်ရမည့်လိပ်စာကို သိမ်းဆည်းထားမည်ဖြစ်ကာ မှာယူမှုကို အောင်မြင်စွာ အတည်ပြုပြီးပါက၊ လိမ်လည်သူသည် ပါဆယ်ထုပ်ကို ၎င်းတို့၏လိပ်စာသို့ ပြန်ညွှန်းရန် ကြိုးပမ်းမည်ကြဖြစ်သည်။ ဝယ်သူအစစ်ဖြစ်ဟန်ဆောင်ပြီး ပက်ကေ့ဂျ်ကို လိပ်စာအသစ်သို့ ပြန်ပြောင်းပေးရန် တောင်းဆိုနေချိန်တွင် ရောင်းချသူကို ဆက်သွယ်ခြင်းဖြင့် လုပ်ဆောင်နိုင်သည်။ တနည်းအားဖြင့် ၎င်းတို့သည် ရောင်းသူကို ကျော်ဖြတ်ကာ ပါဆယ်ထုပ်ကို လမ်းကြောင်းပြောင်းရန် အတွက် ကုန်ပစ္စည်းပို့ဆောင်သူထံ တိုက်ရိုက်သွားနိုင်သည်။

မှာယူသူများအား အမှာစာ လက်ခံပြီးနောက် ပို့ဆောင်မှုအချက်အလက်ကို ပြောင်းလဲခွင့်မပြုခြင်းသည် အီးမေးလ် ကြားဖြတ်လိမ်လည်မှုအန္တရာယ်ကို လျှော့ချနိုင်မည်ဖြစ်သည်။ ဖောက်သည်တစ်ဦးသည် မှာယူပြီးနောက် ၎င်းတို့၏ ပို့ဆောင်ရေးလိပ်စာကို ပြောင်းလဲရန် ကြိုးစားပါက၊ ၎င်းတို့၏ မှာယူမှုကို ပယ်ဖျက်နိုင်ပြီး အမှာစာအသစ်တစ်ခု ပြုလုပ်နိုင်ကြောင်း အသိပေးသင့်ခြင်းဖြင့် ဆိုက်ဘာရာဇ၀တ်ကောင်များရဲ့ မေးလ်ကြားဖြတ်ဖောက်ပြန်မှု လိမ်လည်မှုကျူးလွန်နိုင်ခြေကို လျှော့ချနိုင်စေပါသည်။

၉။ Triangulation လိမ်လည်မှု

Triangulation လိမ်လည်မှုသည် ရှုပ်ထွေးသော eCommerce လိမ်လည်မှုတစ်ခုဖြစ်ပြီး လိမ်လည်သူများသည် ၎င်းတို့၏ဝဘ်ဆိုက်ရှိ မည်သည့်ဖောက်သည်များထံမှမဆို အကြွေးဝယ်ကတ်အချက်အလက်များကို ခိုးယူနိုင်စေရန် တရားမဝင်စတိုးဆိုင်တစ်ခု ဖွင့်လှစ်ခြင်းဖြင့် အချက်အလက်များ လိမ်လည်ရယူခြင်းဖြစ်သည်။ ထိုနည်းလမ်းသည် ယနေ့ခေတ်တွင် အသုံးများနေသော နည်းလမ်းတစ်ခုဖြစ်ကာ နာမည်ကြီး အွန်လိုင်းရောင်းဝယ်ရေး များနှင့် ဆင်တူသည့် လိပ်စာမျိုး ထင်ယောင်ထင်မှား ဖြစ်စေရန် ဖန်တီးကြပါသည်။

ဥပမာ- မျက်နှာစာများသည် စစ်မှန်သောပုံပေါက်ပြီး Amazon သို့မဟုတ် Shopify ကဲ့သို့သော ကျော်ကြားသောစျေးကွက်ရရှိသူများနှင့် eCommerce ပလပ်ဖောင်းများတွင်ပင် ရှိနေနိုင်သည်။ အစစ်နှင့် ဆင်တူသည့် မျက်နှာစာကို ဖန်တီးသုံးစွဲကာ စားသုံးသူများကို အော်ဒါတင်ရန် ဆွဲဆောင်သည့်နည်းလမ်းအဖြစ် ဝယ်လိုအားများသော ထုတ်ကုန်များကို စျေးနှုန်းချိုသာစွာ ရောင်းချကြပါသည်။ ပုံမှန်ဈေးထက် ထက်ဝက်ခန့်လျော့ထားခြင်း သို့မဟုတ် တစ်ခုဝယ် နောက်တစ်ခု လက်ဆောင်ပေးခြင်း စသဖြင့် စိတ်ဝင်စားစေရန် ရည်ရွယ်ကာ ဖောက်သည်များ အော်ဒါတင်ပြီးသည်နှင့်၊ စတိုးဆိုင်မျက်နှာစာနောက်ကွယ်ရှိ လိမ်လည်သူသည် အခြားဝဘ်ဆိုက်မှ ကုန်ပစ္စည်းများကို လိမ်လည်ဝယ်ယူရန် ၎င်းတို့၏ ခရက်ဒစ်ကတ် အသေးစိတ် အချက်အလက်များကို အသုံးပြုကာ ဝယ်ယူသူထံ ကုန်ပစ္စည်းများ ပေးပို့မည်ဖြစ်သည်။

ဖောက်သည်သည် ၎င်းတို့၏ မှာယူမှုများအတွက် နှစ်ကြိမ်တိုင် အမှန်တကယ်ပေးချေခဲ့ကြောင်း မသိဘဲ ၎င်းတို့သည် မှန်ကုန်အဆင်ပြေသော အပေးအယူတစ်ခု ရရှိနေသည်ဟု ထင်မြင်မည်ဖြစ်သည်။ ဆိုက်အတုမှာ အော်ဒါတင်တဲ့အခါ တစ်ကြိမ်၊ ထို့နောက် လိမ်လည်သူသည် ၎င်းတို့၏ ကတ်အသေးစိတ်အချက်အလက်များကို အသုံးပြု၍ မူရင်းရောင်းချသည့်စတိုး ထံသို့ ၎င်းတို့၏ အမှာစာများကို မှာယူသည့်အခါ ဒုတိယအကြိမ်ဖြစ်သည်။ ဆိုလိုသည်မှာ သင်က iphone တစ်လုံးဝယ်လျှင် လိမ်လည်သူက သင့်အချက်အလက်သုံးကာ နောက်တစ်လုံး အော်ဒါထပ်တင်သွားသည်ကို ဆိုလိုပါသည်။ အကယ်၍ သင်၏ eCommerce စတိုးကို triangulation လိမ်လည်မှု၏တစ်စိတ်တစ်ပိုင်းအဖြစ်အသုံးပြုခံရပါက၎င်းသည်သင်၏အမှတ်တံဆိပ်ဂုဏ်သိက္ခာကိုထိခိုက်စေနိုင်သည်။ ဝယ်ယူသူများသည် triangulation လိမ်လည်မှု၏တစ်စိတ်တစ်ပိုင်းအနေဖြင့် ပို့ဆောင်ခြင်းခံရသော တင်ပို့မှုတွင် သင့်အမှတ်တံဆိပ်ကို မြင်ပါက သင့်ကုန်အမှတ်တံဆိပ်အပေါ် ယုံကြည်မှု ဆုံးရှုံးပါမည်။ ထို့ကြောင့် တစ်ခုထက်ပိုသော ထပ်တူအမှာစာများအတွက် ပြန်လည်စစ်ဆေး အတည်ပြုခြင်းကို လုပ်ဆောင်နိုင်မည့် နည်းလမ်း ထဲ့သွင်းခြင်းဖြင့် ကာကွယ်နိုင်ပါမည်။

၁၀။ Affiliate လိမ်လည်မှုများ

များစွာသော eCommerce အမှတ်တံဆိပ်များသည် ၎င်းတို့၏ စျေးကွက်ရှာဖွေရေးဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် Affiliate ပရိုဂရမ်များကို အသုံးပြုခြင်းဖြင့် တွဲဖက်လိမ်လည်မှုများ တိုးလာပါသည်။ Affiliate marketing ဆိုသည်မှာ သင့် website links သို့မဟုတ် သင့်ကို ရည်ညွှန်းပေးခြင်းဖြင့် ကော်မရှင်ပေး ထားသော အရာမျိုးကိုဆိုလိုပါသည်။ ဥပမာ facebook တွင် like and share လုပ်ပေးခြင်းကဲ့သို့ဖြစ်ပါသည်။

Affiliate အသုံးပြုသူများသည် အမှတ်တံဆိပ်မှ ကော်မရှင်ပိုမိုရရှိရန် ၎င်းတို့၏ ကလစ်များ သို့မဟုတ် ကုဒ်ကို ပေါင်းစည်းထားသော လိမ်လည်လှည့်ဖြားမှုများ ဖြစ်ပေါ်လာပါသည်။ စားသုံးသူများသည် ၎င်းတို့၏ Affiliate လုပ်ဆောင်ချက်ကို  တိုးမြှင့်ရန်အတွက် click farm များကို အသုံးပြုနိုင်သည်။ အစုလိုက်အပြုံလိုက် လှုပ်ရှားမှုဖြစ်စေမည့် စာမျက်နှာများတွင် ၎င်းတို့၏ ရည်ညွှန်းလင့်ခ်ကို မျှဝေခြင်းဖြင့် ၎င်းတို့သည် Affiliate မူဝါဒကို ဆန့်ကျင်နိုင်သည်။

Spam click များ သို့မဟုတ် သံသယဖြစ်ဖွယ်လုပ်ဆောင်ချက်များကို ရှာဖွေသိရှိနိုင်သည့် ဂုဏ်သိက္ခာရှိသော Affiliate ကွန်ရက်ကို အသုံးပြုခြင်းဖြင့် Affiliate လိမ်လည်မှုများကို တားဆီးနိုင်သည်။ ဤကွန်ရက်များသည် လိမ်လည်သည့်လုပ်ဆောင်ချက်ကို အသိအမှတ်ပြုနိုင်ပြီး e-commerce owner များသည် လိမ်လည်ကာ ရယူထားသော ရည်ညွှန်းမှုများအတွက်  မသိလိုက်ဘဲ ကော်မရှင်ခ ငွေပေးချေခြင်းကို တားဆီးနိုင်မည်ဖြစ်သည်။

အကြမ်းအားဖြင့် သင့်ကို ရည်ညွှန်းပေးသူများအား ကော်မရှင်ပေးမည်ဟု ထဲ့သွင်းထားခြင်းကို လိမ်လည်၍ ကလစ် များများ နှိပ်ကာ ကော်မရှင် လိမ်လည်ရယူခြင်းဖြစ်ပါသည်။

eCommerce လိမ်လည်မှုတွေကို ဘယ်လိုရှာဖွေမလဲ။

eCommerce လိမ်လည်မှုများကို မည်သို့ထောက်လှမ်းရမည်ကို သိရှိခြင်းသည် လိမ်လည်မှုလုပ်ဆောင်ချက်ကြောင့် သင့်စတိုးဆိုင်အား ငွေကြေးအရ ထိခိုက်မှုမဖြစ်အောင် ကာကွယ်ရန်အတွက် အရေးကြီးပါသည်။ eCommerce လိမ်လည်မှုများကို စောလျင်စွာ တွေ့ရှိနိုင်လေ၊ လိမ်လည်လှည့်ဖြားသည့် လုပ်ဆောင်ချက်ကို ကာကွယ်ရန် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်နိုင်လေဖြစ်သည်။

ဖောက်သည်တစ်ဦးသည် အွန်လိုင်းအမှာစာတစ်ခုပြုလုပ်သည့်အခါ အောက်ပါအပြုအမူတစ်ခုခုကို သင်တွေ့ပါက၊ တစ်စုံတစ်ဦးသည် eCommerce လိမ်လည်မှုတစ်ခုကို ကျူးလွန်ရန် ကြိုးစားနေသည့် လက္ခဏာဖြစ်နိုင်သည်-

ဖောက်သည်အချက်အလက် ကွဲလွဲနေခြင်း

မမှန်ကန်သော အဆက်အသွယ်အသေးစိတ်များ

ပျမ်းမျှအော်ဒါများထက် များလာခြင်း

ပုံမှန်မဟုတ်သောဝယ်ယူတည်နေရာများ

ပို့ဆောင်ရေးလိပ်စာများစွာ ရှိနေခြင်း

အချိန်တိုအတွင်း ငွေပေးငွေယူ မြောက်မြားစွာ ဖြစ်ပေါ်နေခြင်း

မတူညီသောကတ်များမှ အမှာစာများစွာ မှာယူခြင်း

ဆက်တိုက် ငြင်းဆိုထားသော ငွေပေးငွေယူ ကိစ္စများ အများအပြား ရှိနေခြင်း

 

သင့်စတိုးကို eCommerce လိမ်လည်မှုတစ်ခုက ပစ်မှတ်ထားသည်ဟု သံသယ ရှိပါက လုပ်ဆောင်ရမည့် အကောင်းဆုံးအရာမှာ အမှာစာကို ခေတ္တဆိုင်းငံ့ထားပြီး ချက်ချင်းစုံစမ်းစစ်ဆေးရန်ဖြစ်သည်။

eCommerce လိမ်လည်မှုများကို ဘယ်လိုကာကွယ်မလဲ

eCommerce လိမ်လည်မှုများကို မည်သို့ရှာဖွေရမည်ကို သိရှိခြင်းသည် သင့်စတိုးနှင့် ဖောက်သည်များကို ကာကွယ်ရန် မလုံလောက်ပါ။ eCommerce လိမ်လည်လှည့်ဖြားမှုများကို ရပ်တန့်ရန် အတွက် သင့်မှာ ခိုင်မာသောကြိုတင်ကာကွယ်မှုအစီအမံများ ရှိရန် လိုအပ်ပါသည်။

စောစီးစွာရှာဖွေတွေ့ရှိခြင်း + ကြိုတင်ကာကွယ်မှုအစီအမံများ = eCommerce လိမ်လည်မှုများအပေါ် လုံခြုံရေးတိုးမြှင့်ခြင်း

သင့်စတိုးတွင် လုံခြုံရေးမြင့်မားသော လုပ်ထုံးလုပ်နည်းများကို အကောင်အထည်ဖော်ခြင်းသည် eCommerce လိမ်လည်မှုများကြောင့် သင့်စားသုံးသူများကို ပစ်မှတ်ထားခံရခြင်းမှ ကာကွယ်ပေးမည်ဖြစ်သည်။ ထို့အပြင်၊ ၎င်းသည် သင့်စတိုးအား လိမ်လည်သူများကို ဆန့်ကျင်ရာတွင် ခိုင်မာစွာရပ်တည်နိုင်ရန် ကူညီပေးပါမည်။

သင်လက်ခံကျင့်သုံးသင့်သော လုံခြုံရေးပရိုတိုကောအချို့မှာ

၁)ကတ်လုံခြုံရေးအတွက် PCI စံနှုန်းများကို လိုက်နာခြင်း

၂)အဆင့်များစွာသော လိမ်လည်မှုကာကွယ်ရေးဗျူဟာကို ဖော်ဆောင်ခြင်း (ဥပမာ- ဝယ်ယူမှုကန့်သတ်ချက် များသတ်မှတ်ခြင်း၊ Return မူဝါဒများကို အကောင်အထည်ဖော်ခြင်း၊ သင်ဝယ်ယူသူဒေတာမည်မျှ စုဆောင်း သည်ကို ကန့်သတ်ခြင်းနှင့် HTTPS ကိုအသုံးပြုခြင်း)

၃)သင်၏ eCommerce tools နှင့် လုပ်ငန်းစဉ်တစ်ခုလုံးတွင် လုံခြုံရေးအလွှာများကို ဖြန့်ကျက်ခြင်း

၄)မကြာခဏ ဝဘ်ဆိုက်လုံခြုံရေးစစ်ဆေးမှုများနှင့် အပ်ဒိတ်များကို လုပ်ဆောင်ခြင်း

၅)အသုံးပြုလေ့ရှိသည့် device fingerprinting ပိုင်းခြားစိတ်ဖြာခြင်း။

၆)လိပ်စာအတည်ပြုခြင်းဝန်ဆောင်မှု (AVS) ကိုအသုံးပြုခြင်း

၇)အသုံးပြုသူတွင် ဆိုရှယ်မီဒီယာ footprint ရှိမရှိကြည့်ရန် ပြောင်းပြန်လူမှုမီဒီယာရှာဖွေမှုကို အသုံးပြုခြင်း

၈)SEON သို့မဟုတ် Riskified ကဲ့သို့သော eCommerce လိမ်လည်မှုကာကွယ်ရေး လုပ်ဆောင်ခြင်း

သင်၏လုံခြုံရေးပရိုတိုကောများ ပိုမိုတင်းကျပ်လေ၊ လိမ်လည်သူများသည် သင့်စတိုးတွင် eCommerce လိမ်လည်မှုကျူးလွန်ရန် ခက်ခဲလေလေဖြစ်သည်။ လိမ်လည်မှုကာကွယ်ရေး အစီအမံများကို တတ်နိုင်သမျှ အကောင်အထည်ဖော်ပြီး ၎င်းတို့နှင့်အတူ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ခြင်းဖြင့် နောက်ဆုံးတွင်၊ သင်၏လုံခြုံရေးအစီအမံများကို ပုံမှန်စစ်ဆေးပြီး အပ်ဒိတ်လုပ်သင့်ပါသည်။ ၎င်းသည် သင့်စတိုးကို လတ်တလော eCommerce လိမ်လည်မှုအမျိုးအစား ပေါင်းစုံမှ အမြဲကာကွယ်ပေးကြောင်း သေချာစေမည်ဖြစ်ပါသည်။

နောက်ဆုံးအနေဖြင့်  eCommerce လိမ်လည်မှုများကို လျှော့ချချင်တဲ့အခါ

သင်၏ eCommerce လိမ်လည်မှုဆိုင်ရာ အသိပညာကို အမြဲတမ်းတိုးမြှင့်သင့်ပြီး သင့်စတိုးနှင့် ဖောက်သည်များကို ကာကွယ်ရန် အတွက် ခိုင်မာသော ကြိုတင်ကာကွယ်မှုအစီအမံများကို ထည့်သွင်းရမှာဖြစ်ပါတယ်။

eCommerce လိမ်လည်မှုများက ပုံစံအမျိုးမျိုးနဲ့ ရောက်ရှိလာကြပြီး သူတိုက အဆက်မပြတ် ပြောင်းလဲလျက်ရှိနေပါတယ်။ ဆိုက်ဘာရာဇ၀တ်ကောင်များသည် မထင်ထားတဲ့အချိန်တိုင်း သုံးစွဲသူများနှင့် ကုန်သည်များကို လှည့်ဖြားရန် အတွက် နည်းလမ်းအသစ်များကို အမြဲရှာဖွေနေပါတတ်ပါတယ်။ ထို့ကြောင့်၊ သင်သည် eCommerce လိမ်လည်မှုကို မည်သို့ဖော်ထုတ်ရမည်ကို သေချာစွာနားလည်ရန် လိုအပ်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်ချိန်မှာ သင့်ဆိုင် ဒါမှမဟုတ် ဖောက်သည်တွေကို ပစ်မှတ်ထားရင် ဘာလုပ်ရမလဲ ဆိုတာ အနည်းဆုံး အနေအထားတော့ သိထားသင့်တယ်မဟုတ်ပါလား။

 

 

 

Comments

Popular Posts